အမျိုးအစား - ၂ ဆီးချိုကြောင့် ကျောက်ကပ်ပျက်စီးမှုကို ဘယ်လို ကာကွယ်မလဲ
အသက် ၄၀ အထက်လူတွေမှာ ဆီးချို အမျိုးအစား - ၂ ဆီးချို ဖြစ်လာတာက ကြားရတာတောင် သိပ်မဆန်းတော့သလိုပါပဲ။ ဆီးချိုက ကြောက်စရာကောင်းတယ် အဖြစ်များလာတာ မှန်ပေမယ့် လုံးလုံးလျားလျား ထိခိုက်စေတာမျိုးတော့ မဟုတ်ပါဘူး။ တိုးတက်လာတဲ့ ခေတ်ကာလမှာ တီထွင်ဖန်တီးထားတဲ့ ဆေးဝါးတွေက ဆီးချို ရှိသူတွေကို သက်တမ်းစေ့ နေနိုင်စေဖို့ ထောက်ကူပေးနေပါတယ်။
ဒီနေရာမှာ တစ်ခုရှိတာက ဆီးချိုရှိသူတွေအနေနဲ့ သွေးတွင်းသကြားဓာတ်ကို သေချာ မထိန်းညှိတဲ့အခါ ကျောက်ကပ်ထဲက သွေးကြောငယ်လေးတွေ ပျက်စီးပြီး ရေရှည်မှာ ကျောက်ကပ် ထိခိုက်လာပါတော့တယ်။ ဒါကြောင့် ဆီးချိုရှိသူတွေအနေဲ့ ကျောက်ကပ် ပျက်စီးမှုကို ဘယ်လို ကာကွယ်လို့ရမလဲဆိုတဲ့ နည်းလမ်းလေးတွေကို ပြောပြပေးလိုက်ပါတယ်။
သွေးတွင်းသကြားဓာတ်ကို ထိန်းပါ
အစားစားပြီးချိန်၊ လေ့ကျင့်ခန်း လုပ်ပြီးချိန်တွေ အပါအဝင် အခါအားလျှောစွာ သွေးတွင်းသကြားဓာတ်ကို ပုံမှန်လေး စစ်ဆေးလို့ သွေးတွင်းသကြားဓာတ်ကို ကျန်းမာတဲ့ ပမာဏအတိုင်းအတာထဲရှိအောင် ထိန်းပေးတာကလည်း ဆီးချိုကြောင့် ကျောက်ကပ် ထိခိုက်မှုကို အတိုင်းအတာ တစ်ခုအထိ ကာကွယ်ပေးနိုင်မှာပါ။
သွေးပေါင်ချိန်ကို ထိန်းညှိပါ
သွေးပေါင်ချိန်ကို ပုံမှန် အတိုင်းအတာ အတွင်း ရှိနေအောင် ထိန်းညှိဖို့ လိုပါမယ်။ သွေးပေါင်ချိန်တက်တာ တစ်နည်းအားဖြင့် ပြောမယ်ဆိုရင် သွေးတိုးတာက နှလုံးကို ဝန်ပိစေပြီး ကျောက်ကပ်ကိုလည်း ထိခိုက်စေနိုင်ပါတယ်။
ကျန်းမာရေးနဲ့ ညီညွတ်အောင် စားပါ
ဆီးချိုကြောင့် ကျောက်ကပ် မထိခိုက်စေဖို့ဆိုရင် သွေးတွင်းသကြားဓာတ်ကို တည်ငြိမ်အောင် ထိန်းညှိပေးရာမှာ အထောက်အကူပြုပေးပြီး ရုတ်တရက် သွေးတွင်းသကြားဓာတ် မြင့်တက်တာမျို မဖြစ်အောင် ကာကွယ်ပေးနိုင်တဲ့ အမျှင်ဓာတ် ကြွယ်ဝတဲ့ အသီးအနှံတွေကို ပိုစားဖို့ လိုပါမယ်။
နောက်တစ်ခုက ပြုပြင်ထားတာတွေနဲ့ အငန်ကဲတာတွေကို ရှောင်ဖို့ပါ။ အဆီပါဝင်မှု နည်းတာနဲ့ အပင်ကနေရတဲ့ ပရိုတင်း ပါဝင်မှု များတဲ့ အစားအစာတွေကိုပဲ စားပေးပါ။
ဆေးမှန်မှန် သောက်ပါ
ဆီးချိုရှိသူတွေအနေနဲ့ သွေးတွင်းသကြားဓာတ်ကို ထိန်းညှိဖို့ဆိုရင် ဆေးမှန်မှန် သောက်ဖို့က မဖြစ်မနေ လိုအပ်ပါတယ်။ ဒါကြောင့် ဆရာဝန်ညွှန်ကြားထားတဲ့ ဆေးတွေကို ညွှန်ကြားထားတဲ့ ပမာဏအတိုင်း တိတိကျကျလေး လိုက်နာ သောက်သုံးဖို့ လိုပါမယ်။
သွေးတိုးတာအတွက် သွေးကျဆေး သောက်နေရမယ်ဆိုရင်လည်း ဆေးကို အချိန်မှန်မှန် ပမာဏ မှန်မှန်လေး သောက်ပေးဖို့ လိုပါမယ်။
စိတ်ဖိစီးမှုတွေ ဖယ်ရှားပါ
ဆီးချို ရှိသူတစ်ယောက် အနေနဲ့ သွေးချိုးပမာဏကို ထိန်းရတာက လွယ်ကူတဲ့ ကိစ္စတော့ မဟုတ်ပါဘူး။ စိတ်ဖိစီါ်စရာ စီတ်ညစ်စရာတွေ ကြုံရတဲ့အခါ သွေးချိုက မြင့်တက်ပြီး ကျောက်ကပ်ကို ထိခိုက်စေနိုင်ပါတယ်။ ဒါကြောင့် တတ်နိုင်သမျှ စိတ်ဖိစီးမှုတွေကို ဖယ်ရှားပေးပါ။ သီချင်းနားထောင်ပြီးဖြစ်ဖြစ် ယောဂလေ့ကျင့်ပြီး ဖြစ်ဖြစ် ကပြီးဖြစ်ဖြစ်ပေါ့။
ကိုယ်အလေးချိန် ထိန်းပါ
ဆီးချိုရှိသူတွေမှာ ရှိသင့်တဲ့ ကိုယ်အလေးချိန်ထက် များနေမယ်ဆိုရင် ကျောက်ကပ် ထိခိုက်နိုင်ခြေက ပိုများနေပါမယ်။ ဒါကြောင့် ဆီးချို ရှိနေချိန်မှာ ကျောက်ကပ် ထိခိုက်တာမျိုး မဖြစ်စေဖို့ဆိုရင်တော့ ရှိသင့်တဲ့ ကိုယ်အလေးချိန် ရအောင် ထိန်းဖို့ လိုပါမယ်။ ကိုယ်အလေးချိန်က ရှိသင့်တာထက် များနေမယ် အဝလွန်နေမယ်ဆိုရင် ကိုယ်အလေးချိန် လျှော့ပါ။
အရက် မသောက်ပါနဲ့
အရက်သောက်တာက ကိုယ်ထဲမှာ ကိုယ်ထဲမှာ ဟော်မုန်းတစ်မျိုး ထွက်စေပြီး ကျောက်ကပ်ကို ဝန်ပိစေပါတယ်။ အရက်က ဆီးခဏခဏ သွားစေပြီး ကျောက်ကပ်ကို ရေငတ်သွားစေတာမျိုး ဖြစ်စေနိုင်ပါတယ်။ အရက်က ဆီးသွားများစေပြီး ကိုယ်တွင်းရေဓာတ် နည်းစေတာက ကျောက်ကပ်ပျက်စီးရတဲ့ အကြောင်းအရင်း တစ်ရပ်ပါ။
ဆေးလိပ်ဖြတ်ပါ
ဆေးလိပ်မှာ ပါတဲ့ နီကိုတင်းက နှလုံးသွေးကြော ကျန်းမာရေးကို ထိခိုက်စေပါတယ်။ အထူးသဖြင့် ဆီးချိုရောဂါ ရှိသူတွေမှာပေါ့။ နောက်တစ်ချက်က ဆေးလိပ်သောက်တာက ကျောက်ကပ်ကို ပျက်စီးစေနိုင်တာပါ။ ဒါကြောင့် ဆီးချိုရှိတယ်။ ကျောက်ကပ် မပျက်စီးစေချင်ဘူးဆိုရင် ဆေးလိပ်ဖြတ်ပါ။
ဒီအချက်တွေကို ပုံမှန်လေး လိုက်နာပေးမယ်ဆိုရင် အမျိုးအစား -၂ ဆီးချိုကြောင့် ကျောက်ကပ် ပျက်စီးတာကို အတိုင်းအတာ တစ်ခုအထိ ကာကွယ်ရာရောက်မှာပါ။
မွန်မွန်